ပူပြင်းတဲ့ရာသီမှာ အရေးကြီးတဲ့ ရေဓာတ်
လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာမို့ ရေဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါလှတဲ့ အရာပါ။ ချွေးထွက်တဲ့အခါ၊ ဆီးသွားဝမ်းသွားတဲ့အခါ၊ အသက်ရှူထုတ်တဲ့အခါတိုင်းနဲ့ အရေပြားကနေ အချိန်တိုင်း ရေဓာတ်တွေ ဆုံးရှုံးမှု ရှိနေပါတယ်။ အထူးသဖြင့် ရာသီဥတု ပူပြင်းပြီး ချွေးထွက်များတဲ့အခါ ရေဓာတ်ဆုံးရှုံးမှု ပိုများပါလိမ့်မယ်။ အဲဒီလို ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းဖို့ကလည်း အရေးကြီးပါတယ်။
ရေဓာတ်က ခန္ဓာကိုယ်ကို ဘာတွေ လုပ်ပေးသလဲ?
- ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိန်းညှိပေးပါတယ်။
- အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ ကူညီပေးပါတယ်။
- အဆစ်အမြစ်တွေ ချော့မွေ့စွာ လှုပ်ရှားနိုင်ဖို့ ကူရှင်သဘောမျိုး ဆောင်ရွက်ပေးပါတယ်။
- အရေပြား ချောမွေ့တင်းရင်းဖို့ လုပ်ဆောင်ပေးပါတယ်။
- အစားအစာတွေကို ခြေဖျက်တဲ့ ဇီဝကမ္မလုပ်ငန်းစဥ်တွေမှာ ကူညီဆောင်ရွက် ပေးပါတယ်။
- တံတွေးလုံလောက်စွာ ထွက်ဖို့ ကူညီပေးပါတယ်။
ရေဓာတ်ခန်းခြောက်နေတဲ့အခါ …
- ရေဆာနေတာ
- မောပန်းအားကုန်နေတာ
- ခေါင်းကိုက်တာ
- ဆီးအရောင်ရင့်ပြီး ဆီးနည်းလာတာ
- အရေပြားက ခြောက်သွေ့ပြီး အရေးအကြောင်း ဖြစ်လွယ်တာ
- ကျောက်ကပ်ပျက်စီးတာ
- ခန္ဓာကိုယ်ထဲက ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်တွေ မညီမမျှ ဖြစ်တာမျိုးကနေ အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၈ ဖန်ခွက် သို့မဟုတ် ၃ လီတာ သောက်သင့်တယ်လို အကြမ်းဖျင်း ပြောလို့ရပါတယ်။ ဒါပေမယ့် လူတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာ…နှလုံးပျက်စီးနေရင် (heart failure) ၊ ကျောက်ကပ်ပျက်စီးနေရင် (renal failure) ဆီးပေါက်နိုင်တဲ့ ပမာဏအလိုက် ရေအနည်းငယ်သာ သောက်သင့်ပြီး ချွေးထွက်များတဲ့ လူငယ်ဆိုရင်တော့ ၃ လီတာထက် ပိုသောက်သင့်ရင်လည်း သောက်ရပါမယ်။
နွေရာသီမှာ ရေဓာတ်ပြည့်ဝနေအောင် ဘာလုပ်သင့်သလဲ?
- မနက်အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့ ရေတစ်ဖန်ခွက် သောက်ပါ။
- ရေဘူးကို ကိုယ်နဲ့မကွာ ဆောင်ထားပြီး ရေဆာမှ ရေသောက်တာမျိုး မဟုတ်ဘဲ သတိရတိုင်း သောက်ပါ။
- ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပါ။ ဥပမာ…ဖရဲသီး၊ ကျွဲကောသီး၊ သခွားသီး၊ ဆလပ်ရွတ်၊ တရုတ်နံနံ စသည်
- အစာမစားခင် ရေတစ်ခွက် သောက်ရင် အစာခြေစနစ်ကို အထောက်အကူ ဖြစ်သလို ဝိတ်ချရာမှာလည်း အကူအညီဖြစ်ပါတယ်။
- ရေအပြင် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်နဲ့ detox water တွေလည်း သောက်လို့ ရပါတယ်။ သကြားများစွာ ထည့်ပြီး ထုတ်လုပ်ထားတဲ့ အချိုရည်နဲ့ energy drink တွေကိုတော့ မသောက်သုံးသင့်ပါဘူး။
- ချွေးအရမ်းထွက်ရင် ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ဓာတ်တွေကို ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည်သောက်လို့ ရပါတယ်။
ရေဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးလှပြီး ဒီလိုပူပြင်းတဲ့ နွေကာလတွေမှာတော့ ပိုလို့တောင် အရေးကြီးလှပါတယ်။ ရေဓာတ်ပြည့်ဝစွာ သောက်သုံးခြင်းဖြင့် တက်ကြွလန်းဆန်းပြီး နုပျိုကျန်းမာတဲ့ ကိုယ်ခန္ဓာကို ရယူနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ဒေါက်တာ ယဉ်ရွှေရည်